ကြိယာအကြောင်း စတင်လေ့လာခြင်း

ကိုရီးယာဘာသာကို စတင်လေ့လာကြတဲ့အခါ မူရင်း ကြိယာကို ရှာဖွေပြီး အတိတ်၊ ပစ္စုပ္ပာန်၊ အနာဂတ် သုံးမျိုး ပြောင်းလဲပုံကို အရင်ဦးဆုံး ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုအပ်ပါတယ်။ ကိုရီးယားဘာသာစကားကို လေ့လာနေကြတဲ့ သူများအားလုံး စာရေးသူအပါအဝင် ကိုရီးယား ဘာသာစကားမှာရှိတဲ့ စကားလုံးများ အားလုံးကို ပိုင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုချင်ပါတယ်။ သို့ပေမယ့် မိမိတို့ မသိတဲ့ စကားလုံးနဲ့ တွေ့ကြုံလာပါက မိမိတို့ လက်လှမ်းမှီရာ ကိုရီးယားဘာသာ အဘိဓာန်စာအုပ်များကို ဖတ်ရှုပြီး အဓိပ္ပာယ်ကောက်ယူ သုံးစွဲနိုင်ဖို့က အဓိကကျပါတယ်။ ဒီလို ဖတ်ရှုရင်းပဲ အဓိပ္ပာယ်ကို သိလာမယ်၊ သုံးစွဲပုံကို ရိပ်မိလာမယ်၊ နောက်ဆုံး အဲ့ဒီစကားလုံးကို အလွတ်ရပြီး ပြန်လည် သုံးစွဲပြောဆိုနိုင်တဲ့ အထိဖြစ်လာနိုင်ပါမယ်။ ဆိုလိုတာက အဘိဓာန်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ရမယ်လို့ ဆိုလာတာပါ။

စာရေးသူ စပြီး ကိုရီးယားဘာသာ လေ့လာတဲ့အခါ ဒေါ်မြင့်မြင့်မော် ပြုစုထားတဲ့ ကိုရီးယား – မြန်မာ အဘိဓာန်ကို လက်ကိုင်အဖြစ် ဆောင်ထားခဲ့ပါတယ်။ နောက်ပိုင်းတော့ ကိုယ်တိုင်လည်း အင်္ဂလိပ်လို အထိုက်အလျောက် ရတဲ့အတွက် ကိုရီးယာ အင်္ဂလိပ် အဘိဓာန်ဆော့ဝဲဖြစ်တဲ့ Haansoft Dictionary ကို မိမိ လက်တော့ပ် ကွန်ပြူတာပေါ်မှာ တင်ထားပြီး လိုအပ်သလို သုံးစွဲဖြစ်ပါတယ်။ နောက်ပြီ အဲဒီထက် ပုံစုံလင်တာကတော့ အွန်လိုင်း dict.naver.com ပါပဲ။

ကိုရီးယားဘာသာမှာ ကြိယာကို 동사 – ဒုံး-င်ဆာ လို့ ခေါ်ပါတယ်။ အများသိကြတဲ့ မူရင်းကြိယာ တစ်ခုကို စပြီး လေ့လာကြည့်ကြရအောင်။ အဲ့ဒါကတော့ 가다 – ဂါဒါ – သွားသည် လို့ အဓိပ္ပာယ်ရတဲ့ ကြိယာစကားလုံးပါ။ ပစ္စုပ္ပာန်ကာလ (현재 – ဟယော-န်ဂျဲ) အတွက် 가다 ကနေ 간다 – ဂန်-န်သှာ ဆိုပြီ ဖြစ်လာပါတယ်။ အတိတ်ကာလ (과거 – ဂွါဂေါ်) အတွက်가다 ကနေ 갔다 – ခတ်သှာ ဆိုပြီ ဖြစ်လာပြီး အနာဂတ်ကာလ (미래 – မီရဲ) အတွက်가다 ကနေ 갈 것이다 – ခါ-လ် ဂေါ့ရှီးသှား ဆိုပြီ ဖြစ်လာပြန်ပါတယ်။ အဓိပ္ပာယ်အသီသီးကတော့ သွားတယ်၊ သွားခဲ့တယ်၊ သွားလိမ့်မယ် လို့ ပြန်ဆိုနိုင်ပါတယ်။ မူရင်းကြိယာကနေ ဝါကျတွေမှာ အသုံးပြုတဲ့ ကြိယာပုံစံကို ပစ္စုပ္ပုန်၊ အတိတ်၊ အနာဂတ် အားဖြင့် အဆင့်အဆင့် ပြောင်းလဲသွားပုံကို လေ့လာခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြိယာနောက်ဆက် စကားလုံးတွေ ဖြစ်ကြတဲ့ 요 – ယို, 입니다 – အီမနီဒါ, 습니다 – စွန်မနီဒါ စတာတွေနဲ့ ပေါင်းစပ်အသုံးပြုလိုက်ပါက 가요 – ဂါယို, 갑니다 – ဂါမည်သှာ, 갔습니다 – ဂါ့စွတ်မနီဒါ စတဲ့ ဝါကျပုံစံပေါင်း များစွာ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

အဲ့ဒီတော့ ဒီဆောင်းပါးလေး အဆုံးသပ်မှာ အကြံပေးချင်တာက အဘိဓာန်စာအုပ် ဆောင်ထားပါ။ ကြိယာတစ်လုံးကို သိပြီဆိုရင် ပစ္စုပ္ပုန်၊ အတိတ်၊ အနာဂတ် စသည့်ဖြင့် အသုံးပြုနိုင်တဲ့အပြင် ကြိယာနောက်ဆက် စကားလုံးတွေနဲ့လည်း တွဲပြီး သုံးတတ်ဖို့ ဆက်လက်လေ့လာရပါဦးမယ်။