ကြိယာနောက်ဆက်အကြောင်း လေ့လာကြည့်ခြင်း

ကျွန်တော်တို့ မြန်မာစကား ပြောဆိုကြတဲ့အခါ “ကျွန်တော့နာမည်က မင်းမင်းလို့ ခေါ်ပါတယ်” လို့ ပြောဆိုကြပြီး စာရေးကြတဲ့အခါမှာဆိုရင်တော့ “ကျွန်တော့နာမည် မင်းမင်းဟု ခေါ်ပါသည်” လို့ ရေးသားဖူးကြမှာပါ။ ကိုရီးယားဘာသာမှာ ကြိယာနောက်ဆက်စကားလုံးကို ပြောပါဆိုရင် “ပါတယ်” နဲ့ “ပါသည်” ဆိုတဲ့ စကားလုံးမျိုးတွေကို ဆိုလိုတာပါ။ ဒီတော့ ကိုရီးယားလို ပြန်ရေးကြည့်မယ်ဆိုရင် 제 이름은 민민라고 해요. နဲ့ 저의 이름이 민민라고 합니다. လို့ ရေးနိုင်ပါတယ်။

ကြိယာနောက်ဆက်ဖြစ်တဲ့အတွက် အရင်ဆုံး ကြိယာကို မှတ်သားကြမယ်ဆိုရင် မူရင်းကြိယာက 하다 => ပြုလုပ်သည် ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ဒီ 하다 => ပြုလုပ်သည် ဆိုတဲ့ ကြိယာဟာ စွယ်စုံအဓိပ္ပာယ်ရတဲ့ အမျိုးအစားဖြစ်တယ်ဆိုတာလည်း မှတ်သားထားဖို့ လိုပါတယ်။ အဲဒီတော့ မူရင်းကြိယာ 하다 နဲ့ 요 ပေါင်းလိုက်တဲ့အခါ 해요 ဆိုတဲ့ ပုံစံ ဖြစ်လာတယ်လို့ မှတ်ယူနိုင်ပါတယ်။ ဟုတ်ပြီ ဒါက요 ဆိုတဲ့ ကြိယာနောက်ဆက်စကားလုံးနဲ့ ပေါင်းရေးတဲ့ ပုံစံပါ။ နောက်ထပ် တစ်လုံးက ㅂ니다 ဆိုတဲ့ စကားလုံးပါ။ မူရင်းကြိယာ 하다 နဲ့ㅂ니다 ပေါင်းလိုက်တဲ့အခါမှာတော့ 합니다 ဆိုပြီးတော့ ဖြစ်လာတော့တာပါ။

ဒါဆိုရင် ကြိယာနောက်ဆက် စကားလုံး ၂ မျိုးကို လေ့လာလို့ ပြီးသွားပါပြီ။ ဒီတော့ မူရင်းကြိယာပြောင်းပြီးတော့ ဝါကျဖွဲ့ကြည့်ရအောင်။ မူရင်းကြိယာ 가다 => သွားသည် ဆိုတာကို အသုံးပြုပြီး “ကျွန်တော် စာသင်ဖို့ ကျောင်းကို သွားပါတယ်” ကို ကိုရီးယားလို ရေးကြည့်မယ်ဆိုရင် 전 공부하러 학교에 가요. နဲ့ 저는 공부하러 학교에 갑니다. ဆိုပြီး ဖြစ်လာပါတယ်။ 가요 က 해요 လို 개요 ဆိုပြီးတော့ ဖြစ်လာမှာ မဟုတ်ပါဘူးဆိုတာကို မှတ်သားရပါမယ်။ 가 နဲ့ 요 ကို တိုက်ရိုက်ပဲ ပေါင်းသုံးပါတယ်။ အဲဒီတော့ ဒီ နောက်ဆက် ၂ လုံးမှာ 요 ကို တန်းတူ မိတ်ဆွေ သူငယ်ချင်းတွေကြား အသုံးပြုနိုင်ပြီး ㅂ니다 ကိုတော့ မိမိထက် အသက်ကြီး၊ ရာထူးကြီးတဲ့ သူတွေအကြားမှာ အသုံးပြုတယ်လို့ မှတ်သားရပါမယ်။ ဆိုလိုချင်တာက ㅂ니다 အသုံးက요 အသုံးထက် ပိုပြီး ယဉ်ကျေးတယ်လို့လည်း မှတ်ယူရပါမယ်။

ကိုရီးယားဘာသာကို စပြီးလေ့လာတဲ့အခါမှာ မှတ်စရာတွေ များလိုက်တာလို့ ထင်မြင်သွားနိုင်ပါတယ်။ အမှန်ပါပဲ ဘာသာစကားတစ်ခု လေ့လာတဲ့အခါမှာ မှတ်စရာတွေ အင်မတန် များတယ်ဆိုတာကို လေ့လာတွေ့ရှိနိုင်မှာပါ။ ဒါပေမယ့် တနေ့နည်းနည်းနဲ့ ပုံမှန်လေ့လာသွားတဲ့အခါ အများကြီး မှတ်သားနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိနိုင်မှာပါ။ ကလေးငယ်တစ်ယောက် စကားတွေ စပြီးပြောတာကို နမူနာ ယူသင့်ပါတယ်။ စကားတစ်လုံးကနေ တစ်ရာ၊ တစ်ရာကနေ တစ်ထောင် ဒီလိုပဲ လေ့လာမှတ်သားကြရပါတယ်။ အားငယ်မနေဘဲ ကြိုးကြိုးစားစား လေ့ကျင့်မှတ်သား သင်ယူရပါမယ်။ အခက်အခဲ ကြုံတွေ့နေရတဲ့အခါ တစ်ယောက်တည်း မဖြေရှင်းနိုင်ပါက အကူအညီတောင်းယူဖို့လည်း ဝန်လေးနေဖို့ မသင့်ဘူးဆိုတာ သိထားရပါမယ်။ ဒီဆောင်းပါးလေးကတော့ ကြိယာနောက်ဆက် စကားလုံးကို စတင် မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်။ ဘာသာစကားတိုးတက်မှု ရရှိနိုင်ပါစေ။